မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပြီး ၂ဝ၁၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် အလှပြမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ လိုက်နာရန် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ရာ နန်းမြို့ ကျုံးပတ်လည်မှအပ မန္တလေးမြို့တွင်း မဏ္ဍပ်များ၏ လမ်းထောင့်မှ ၂၅ ပေ ခွာဆောက်လုပ်ရန်၊ ရေကစားမဏ္ဍပ် ဆောက်လုပ်ရာတွင် လမ်းပိတ်ဆို့ခြင်း မရှိစေရန်အတွက် လမ်းဘေး ပလက်ဖောင်းအတွင်း ဆောက်လုပ်ရန်၊ ခွင့်ပြုချက်မရဘဲ မြို့ရေပေးရေး မီးသတ်ပိုက်ခေါင်းများမှ ရေထုတ်ယူ၍ ရေ မကစားရန်၊ လေအိုးသုံးရေပိုက်၊ မီးသတ်ပိုက်ခေါင်းများနှင့် ရေပက်ခြင်း လုံးဝမပြုလုပ်ရန်၊ ရေပိုက်များနှင့် ပတ်သက်၍ အချင်း၃/၈” အရွယ်အစားထက် မကြီးသော Nozzle ခေါင်း(၁ဝဝ)ထက်မပိုရန်၊ အချင်း ၄လက်မ အရွယ်အစားရှိ ရေစုပ်စက်ထက် မကြီးရန်၊ ပွဲတော်ရက်အတွင်း ရေကစားမဏ္ဍပ်များတွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိသာ ရေကစားရန် သတ်မှတ်ထားသည်။
လျှောက်လွှာတွင် သင်္ကြန်မဏ္ဍပ် အမည်ကို ပေါ်လွင်ထင်ရှားစွာရေးရန်၊ မြန်မာ့ရိုးရာ သင်္ကြန်၏ သရုပ်ကို ဖော်ဆောင်သော ရုပ်ပုံများကိုသာ ထည့်သွင်းရေးဆွဲရမည် ဖြစ်ပြီး သင်္ကြန်မဏ္ဍပ်များတွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း မပြုရန်နှင့် ရေကစားမဏ္ဍပ်များကို ဧပြီ ၉ ရက် အပြီးတည်ဆောက်၍ ဧပြီ ၂၃ ရက်တွင် အပြီး ဖျက်သိမ်းရန် ဖော်ပြထားသည်။
သင်္ကြန်မဏ္ဍပ်များတွင် စီးကရက်၊ ဆေးလိပ်၊ ဘီယာ၊ အရက်ကြော်ငြာများကပ်ခြင်း၊ ချိတ်ဆွဲခြင်း မပြုရန်၊ ရေကစား မဏ္ဍပ်များတွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ မပြုလုပ်ရန်၊ မဏ္ဍပ်များ လုံခြုံရေးအတွက် CCTV များ တပ်ဆင်ရန်၊ အလှပြ မဏ္ဍပ်တွင် ရေကစားခြင်းမပြုရန်၊ မဟာသင်္ကြန်သီချင်းများ သီဆိုဖျော်ဖြေရာတွင် မြန်မာနိုင်ငံတော်နှင့် အစိုးရ၏ ဂုဏ်သိက္ခာ ထိပါးစေနိုင်သည့် တစ်ဖက်သတ် စွပ်စွဲပုတ်ခတ် ရေးသားသီဆိုမှုများ မပါရှိစေရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်သည့် ရေးသားသီဆိုမှုများ မပါရှိစေရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ ဝတ်စားဆင်ယင်မှု၊ တင်ဆက်မှု၊ သရုပ်ဖော်မှုများ မပါရှိစေရန်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် စွပ်စွဲပုတ်ခတ်မှုများ မပါရှိစေရန်တို့ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်ပါက မန္တလေးမြို့တော် စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။