မတ် ၃ ရက်က မရမ်းကုန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု (၄၂)မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဗဟိုလမ်း မုဒိတာအိမ်ရာ (C)ဆောင် အခန်း (၂ဝ၈)ပထမထပ်နေ စောဘာလာစော၏ အခန်းကို ဝင်ရောက်ရှာဖွေရာ ၄င်းနှင့်အတူ ဇော်သန်း၊ သက်နိုင်၊ ကျော်မင်းဦး၊ မနားယူဟတ်နှင့် မရှိဆာမီတို့အားတွေ့ရပြီး ဆက်လက်ရှာဖွေရာ ဧည့်ခန်းနှင့်ကပ်လျက် အိပ်ခန်းအတွင်း မှ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၄ သိန်း၊ အိုက်စ် ၄၄ ဂရမ်၊ ဘိန်းမည်း ၅၂ ဂရမ်၊ မြန်မာငွေကျပ်သိန်း ၁ဝဝ၊ မော်တော်ယာဉ်နှစ်စီးနှင့် လက်ကိုင်ဖုန်းခြောက်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့်ဆက်စပ်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မတ် ၅ ရက်က မူးယစ်တပ်ဖွဲ့ခွဲ(၁)နှင့် မူးယစ် တပ်ဖွဲ့စု (၁၈) မန္တလေး (တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင် မှုခင်းအကူဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁) ရပ်ကွက် (ဇ) ရပ် ၆၁ လမ်း၊ စံပြလမ်းနှင့် မင်္ဂလာ လမ်းကြား၊ အမှတ်(နန-၉/ ၁၈) တွင် ငှားရမ်းနေထိုင်သူ ကွတ်ခိုင်မြို့နေ ကျော်ကျော်(ခ) လျိုဇီရှောင်(ခ) အိုက် ပေါင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကျော်သူမင်း၊ အောင်နိုင်နှင့် ဖိုးချမ်းတို့သုံးဦးအား တွေ့ရှိရပြီး ခြံဝင်းအတွင်း မြေပြင်ပေါ်၌ ချထားသော ကွန်တိန်နာဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၇ ဒသမ ဝ၇၈ သိန်း၊ အိုက်စ် ၈၂ ကီလို၊ ဘိန်းဆီခဲ ၁၅ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၃၇ ကီလိုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ယင်းကဲ့သို့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ကျော်သူမင်း (၂၇ နှစ်)၊ အောင်နိုင် (၂၈နှစ်)၊ ဖိုးချမ်း(၂၅နှစ်)နှင့် ကျော်ကျော် (ခ)လျိုဇီရှောင်(ခ) အိုက်ပေါင် (ဖမ်းမမိသေး) (၃၉နှစ်) တို့ လေးဦးအား ပြည်ကြီးတံခွန် မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ Myanma Alin